၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း တက်ရောက်

    ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-

     ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မျက်စိကွယ်ခြင်းနှင့် အမြင် အာရုံချို့ယွင်းခြင်းများသည် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ကြောင်းကို သိရှိနားလည် ပြီး၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့််ဆောင်ရွက်လာစေရန် နှင့်ကာကွယ်ကုသ၍ရသော မျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ် ပွားမှုလျော့နည်းပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ အမြင်အာရုံထိခိုက်မှု၏ (၈၀) ရာခိုင်နှုန်းသည် ရှောင်လွှဲ၍ရနိုင်သော အခြေအနေဖြစ်၍ ကြိုတင်ကာကွယ်နိုင်ပြီး ပျောက်ကင်းအောင် ကုသ နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ကုသ၍ရနိုင်သော မျက်စိရောဂါများအနက် မျက်မမြင်ခြင်းကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းများမှာ အတွင်းတိမ်နှင့်ရေတိမ်ရောဂါ ဖြစ်ပွားခြင်း၊ ဆီးချို၊ သွေးတိုးရောဂါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးများနှင့် ထိခိုက်ဒဏ်ရာ ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊

     ယခုအခါတွင် မျက်ခမ်းစပ်လိုကူးစက်နိုင်တဲ့ မျက်စိရောဂါများလျော့နည်းသွားသော်လည်း အတွင်းတိမ်ရောဂါနှင့်အတူ ဆီးချို၊ သွေးတိုး စသည့်ရောဂါများ၏ နောက်ဆက်တွဲပြဿနာများ နှင့် ကလေးသူငယ်မျက်စိရောဂါများ ဦးမော့မလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှု အတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုထောက်ပံ့ပေးလျက်ရှိခြင်းကြောင့် မျက်စိဝေဒနာရှင်တွေကို ကုသပေးရာမှာ ခေတ်မီတိုးတက်သောနည်းလမ်းများဖြင့် ကုသနိုင်ရုံမျှမကပဲလူနာများရဲ့ ကုန်ကျစရိတ် များကိုလည်း လျှော့ချနိုင်ပါကြောင်း၊

    ယခုနှစ်၏ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဆောင်ပုဒ်သည် “Children, Love Your Eyes” “ကလေးများရဲ့ အနာဂတ်အတွက်၊ မျက်စိကျန်းမာရေး အလေးပေးဆောင်ရွက် ဖြစ်ပါကြောင်း၊ ငယ်ရွယ်စဉ်တွင် အမြင်အာရုံချို့ယွင်းချက်ရှိခဲ့ပါက ပညာသင်ကြားရေးနှင့် လူမှုဘဝများတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပြီး၊ အသက်အရွယ်ကြီးရင့်ချိန်တွင်လည်း အမြင်အာရုံဆုံးရှုူံးပြီး မျက်စိကွယ်သည်အထိ ဖြစ်တတ်ကြောင်း၊ ထို့ကြောင့် အမြင်မှုန်ဝါးပြီး မျက်မှန်လိုအပ်သော ကလေးငယ်များကို မျက်မှန်တပ်စေရန် မိဘများနှင့်အုပ်ထိန်းသူများက အားပေးကြရမှာဖြစ်ပြီး၊ မျက်မှန်တပ်ဆင်သောကလေးများကိုလည်း လူမှုရေးအခက်တွေ့စေမည့် စကားလုံးများဖြင့် နောက်ပြောင်ခြင်းများ မပြုလုပ်ကြရန်လိုအပ်ပါကြောင်း၊ မျက်စိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

       ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် မျက်စိကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။