ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကျောက်မျက်ရတနာပြခန်းတွင် ယာယီပြောင်းရွှေ့ဖွင့်လှစ်ထားသော နေပြည်တော် သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် ခုတင် (၅၀) ဆေးရုံနှင့် ဥတ္တရသီရိမြို့နယ် ခုတင်(၅၀) ဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၉ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ သူများလိုက်ပါ၍ (၉-၄-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ​ ကျောက်မျက်ရတနာပြခန်းတွင် ယာယီပြောင်းရွှေ့ဖွင့်လှစ်ထားသော နေပြည်တော် သားဖွား မီးယပ်အထူးကုဆေးရုံကြီးအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကိုယ်ဝန်ဆောင်လူနာများ၊ ရိုးရိုးမွေးပြီးလူနာများ၊ ခွဲစိတ်မွေးဖွားပြီးလူနာများနှင့် မီးယပ်လူနာများ စုစုပေါင်းလူနာ (၃၁) ဦး တို့ကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်  လူနာခွဲစိတ်ကုတင်နှစ်လုံးဆံ့ ယာယီခွဲစိတ်ခန်းအသစ်တွင် ခွဲစိတ်ကုသခြင်းဆောင်ရွက်နေမှု၊ မွေးကင်းစကလေးများအား ပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများ၊ ပြင်ပလူနာများလက်ခံကြည့်ရှုခြင်း၊ အတွင်းလူနာများနှင့် ပြင်ပလူနာများကို Ultrasound ရိုက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ယာယီဆေးရုံဝင်းအတွင်းတွင်နေထိုင်ကြသော ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရေးအခြေအနေများနှင့် သန့်ရှင်း သောသောက်သုံးရေရရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်ကြရန် လမ်းညွှန်မှာကြားပါသည်။ ထို့နောက်  ယာယီဆေးရုံဝင်း အတွင်းနေထိုင်ကြသော ကျန်းမာရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များထဲမှ အသက် (၆၀)ကျော်သူများနှင့် အသက် (၅)နှစ်အောက် ကလေးများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV) တိုက်ကျွေး နေမှုအားလည်း ကြည့်ရှုပြီး လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန် ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ရှိ သူနာပြုသင်တန်းကျောင်းသို့သွားရောက်၍ ယာယီစခန်းအတွင်း နေထိုင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၏ အခြေအနေနှင့် သင်တန်းကျောင်း၏ ငလျင်ဒဏ်ခံခဲ့ရမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားကာ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။

       ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ (၈-၄-၂၀၂၅) ရက်နေ့ညနေပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ခုတင် (၅၀) ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ကွင်းဆင်းဆေးအဖွဲ့အဖြစ်‌ ရောက်ရှိနေသော သီရိလင်္ကာဆေးအဖွဲ့သို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးကာ ကျန်းမာရေးဝန်ထမ်းများနှင့် သီရိလင်္ကာဆေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပါသည်။

       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ခုတင်(၅၀) ဆေးရုံတွင် ဖွင့်လှစ်ထားသော အင်ဒိုနီးရှား‌ဆေးအဖွဲ့ ယာယီဆေးခန်းသို့ သွားရောက် ကြည့်ရှု၍ ချိုင်းထောက်လိုအပ်သူများကို ချိုင်းထောက်များထောက်ပံ့ပေးနေမှုနှင့်  ငလျင် ဘေးသင့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုကာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အင်ဒိုနီးရှားဆေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါသည်။