ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ယာယီရွှေ့ပြောင်းနေထိုင်သည့် ကျန်းမာရေးဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးချုပ်သို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ ဧပြီ ၇ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါ၍ (၇-၄-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဓနသိဒ္ဓိဘောလုံးကွင်းနှင် အထက (၇) ကျောင်းရှေ့မြေကွက်လပ်တွင် ယာယီရွှေ့ပြောင်းနေထိုင်သော  ကျန်းမာဝန်ထမ်းများနှင့်မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးချုပ်သို့ သွားရောက်၍  ရုံးအဆောက်အအုံနှင့် ဓာတ်ခွဲခန်းများ၏ အခြေအနေများကို ကြည့်ရှုသည်။ (၂၈-၃-၂၀၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ဓာတ်ခွဲခန်းများရှိ မီးလောင်လွယ်သော   ဓာတ်ငွေ့များယိုစိမ့်မှု ဖြစ်ပွားခဲ့သည့်အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အကူအညီဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့တွင် အဆိုပါ မီးလောင်လွယ်သော ဓာတုပစ္စည်းများအား အန္တရာယ်ကင်းစေရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အကူအညီဖြင့် ကျင်းတူး၍မြှုပ်နှံခြင်း ဆောင်ရွက်နေမှုကို အားပေးကြည့်ရှုခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ပါသည်။