ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ငလျင်ဘေးသင့် ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင်များအားတွေ့ဆုံအားပေး စကားပြောကြား၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများအားတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၄ရက်
     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံ ကြီး ခုတင် – ၁၀၀၀ စားဖိုဆောင်တွင် ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများနှင့် လူနာများအတွက် ရေနှင့်အစားအသောက်ရိက္ခာများ စုဆောင်းထားရှိမှုကို စစ်ဆေးကြည့်ရှုခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများနှင့် လှူဒါန်းပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းများနှင့် မိသားစုများ၏ လက်ဝယ်အရောက် အမြန်ဆုံးစနစ်တကျဖြန့်ဖြူးပေးရေး စီစဉ်ဆောင်ရွက် ခဲ့သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် နေပြည်တော်ပြည်သူ့ဆေးရုံ ကြီး ခုတင် – ၁၀၀၀ ဝန်ထမ်းအိမ်ယာရှေ့ မြေကွက်လပ်တွင် ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ထောင်စု (၄၅)စု၊ ဇဗ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိအားကစားကွင်းအတွင်းတွင် ဝန်ထမ်းအိမ်ထောင်စု (၁၈)စု၊ ဇဗ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၇)ရှေ့မြေကွက်လပ်တွင် ဝန်ထမ်းအိမ်ထောင်စု (၂၇)စု၊ ဇဗ္ဗူသီရိ မြို့နယ် အမျိုးသားပရဆေးဉယျာဉ်အတွင်းတွင် ဝန်ထမ်းအိမ်ထောင်စု(၂၁)စု၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန (ရုံးချုပ်)တွင် ဝန်ထမ်းအိမ်ထောင်စု (၅၀)စု၊ စုစုပေါင်း အိမ်ထောင်စု (၁၆၁)စုတို့တွင် ရွက်ဖျင်တဲများ တိုးချဲ့ဆောက်လုပ်နေသည့်အခြေအနေကို  စစ်ဆေးကြည့်ရှုခဲ့ပြီး အိမ်ထောင်စုတစ်စုချင်းစီအလိုက် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံးကုန် ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ လက်သည်းညှပ်၊ ဆပ်ပြာမှုန့်ထုပ်၊ ဆပ်ပြာတောင့်၊ ရေခွက်၊ အမျိုးသမီးအသုံးအဆောင် ပစ္စည်းများနှင့် အခြားတစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင်များပါဝင်သည့် Hygiene Kit များ၊ အိပ်ရာခင်းများနှင့်မွေ့ယာများနှင့် လက်သန့်စင် ဆေးရည်များ (Hand Sanitizers)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းတစ်ဦးချင်းစီအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေသုံးသောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများနှင့်မိသားစုဝင်များအား အားပေးစကား ပြောကြားသည်။

     ထိုသို့တွေ့ဆုံအားပေးစဉ် ပြည်ထောင်စုဝန်ကြီးသည် ယာယီပြောင်းရွှေ့သည့် နေရာများ တွင် မိသားစုအရေအတွက်နှင့််လူဦးရေအလိုက် ရွက်ဖျင်တဲများ အလုံအလောက် ထပ်မံဖြည့်ဆည်း ပေးရန်၊ လုံခြုံရေး သတိပြုရန်၊ သန့်ရှင်းသည့်အစားအစာ၊ သောက်ရေနှင့်သုံးရေသန့် ရရှိစေရန်၊ ဆက်သွယ်မှုမပြတ် တောက်စေရေးနှင့် သန့်ရှင်းသည့်အိမ်သာများ လူဦးရေနှင့်အညီရရှိစေရန်၊ ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန်စသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

     ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် UNOPS Country Director Ms. Sara Austin Netzer နှင့်အဖွဲ့အား နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန ယာယီရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (The Global Fund) မှ ထောက်ပံ့ပေးနိုင်မည့် အခြေအနေများ၊ ငလျင်ဘေးသင့်ဒေသများတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နိုင်ငံတကာမှကျန်းမာရေး ဆေးကုသမှုအဖွဲ့များ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများ၊ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့သောဆေးရုံများ၏ကြံ့ခိုင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုစစ်ဆေးရေးနှင့် ဆေးရုံများအား လိုအပ်သလို ပြန်လည်ပြင်ဆင်တည် ဆောက်ရေးကိစ္စများတွင် ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့များစေလွှတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
     ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံ အခြေစိုက် Samaritan’s Purse International Relief အဖွဲ့မှ Emergency Medical Response Manager Mr. John Troke ဦးဆောင်သော အဖွဲ့ဝင်များအား ကျန်းမာရေးဝန်ကြီးဌာနယာယီရုံး၌ လက်ခံတွေ့ဆုံခဲ့ရာ ငလျင်ဘေးသင့် ထိခိုက်ဒဏ်ရာရလူနာများအား အရေးပေါ်ခွဲစိတ် ကုသမှုများ အချိန်နှင့်တပြေးညီပေးနိုင်ရန်အတွက် ရွေ့လျားခွဲစိတ်ခန်း (၂)ခန်း၊ အရေးပေါ်လူနာ ကြည့်ရှုစစ်ဆေးသည့်ဌာန၊ ပြင်ပလူနာဌာနနှင့်ဓါတ်ခွဲခန်းတို့ပါဝင်သော ယာယီဆေးရုံ တည်ဆောက်၍ တစ်ရက်လျှင်လူနာဦးရေ (၁၀၀) မှ (၁၅၀) အထိ ကုသမှုပေးနိုင်ရေး၊ ရေကောင်းရေသန့်ရရှိရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။

     ယမန်နေ့ (၃-၄-၂၀၂၅) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ခုတင် (၅၀) ဆံ့ ဇဗ္ဗူသီရိမြို့နယ်ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိသည့် ရုရှားဖက်ဒရယ်ရှင်းနိုင်ငံမှဆေးအဖွဲ့၊ ဖိလစ်ပိုင်နိုင်ငံမှဆေးအဖွဲ့၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှဆေးအဖွဲ့တို့အားတွေ့ဆုံ၍ ကုသရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား တွေ့ဆုံဆွေးနွေးသည်။ ယနေ့ (၄-၄-၂၀၂၅) ရက်နေ့တွင် ရုရှားဖက်ဒရယ်ရှင်းနိုင်ငံမှဆေးအဖွဲ့သည် မြန်မာနိုင်ငံမှ အရိုးအထူးကုဆရာဝန်ကြီးများနှင့်ပူးပေါင်း၍ ငလျင်ဘေးသင့် ကလေး လူနာ(၃)ဦးနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဆေးအဖွဲ့သည် မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ လူနာ(၃)ဦးကိုလည်းကောင်း၊ စုစုပေါင်း လူနာ(၆)ဦးအား လယ်ဝေးမြို့နယ် ခုတင် (၁၀၀) ဆေးရုံတွင် ခွဲစိတ်ကုသမှုပေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆေးအဖွဲ့သည်လည်း အဆိုပါဆေးရုံတွင် ငလျင်ဘေးသင့် လူနာများအား ဆေးကုသမှုပေးခဲ့ပါသည်။