ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်၊ နံနက်(၁၀)နာရီတွင် ဆောင်ရွက်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဦးစီးဌာနများအလိုက် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး များသို့ ခရီးစဉ်သွားရောက်ရာတွင် တွေ့ရှိခဲ့ရသည့် အားနည်းချက်၊အားသာချက်များအပေါ် သုံးသပ်၍ လုပ်ငန်းများပြီးစီးအောင် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်လိုအပ်ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာန၏ မူဝါဒ၊ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေ အား ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မကုန်ဆုံးမီ ကျန်ရှိနေသည့် ၂-လ ခန့်ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်းများ စံကိုက်ဖွဲ့စည်းပုံ ဖြစ်စေရန် လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများ၏ ဆေးရုံအဆောက်အဦပြင်ပ သန့်ရှင်းရေးလုပ်ငန်း၊ ဆေးရုံတွင်း သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲများ အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာအဆောက်အဦများ ဥပဒိရုပ်ကောင်းမွန်စေရန် ယခုဘဏ္ဍာနှစ် မကုန်မီ အားဖြည့်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများအား လူနာများအကျိုးရှိစေရေးထိထိ ရောက်ရောက်အသုံးချရန်၊ အဓိက ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးရန် နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် စီစဉ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးသုံးစွဲမှုကို စနစ်တကျဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရန်၊ အောက်ခြေအထိ အခြေအနေ မှန်ကို သိရှိစေရန် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်က ခရိုင်/မြို့နယ်/ တိုက်နယ်အဆင့်အထိ ကွင်းဆင်းကာ အသေးစိတ် ကြည့်ရှုစစ်ဆေးရန် လိုအပ်ကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ မျက်စိအထူးကုအဖွဲ့များဖြင့် ကွင်းဆင်းခွဲစိတ်ကုသမှုများအပြင် နှုတ်ခမ်းကွဲအာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကိုလည်း အားဖြည့်ဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် အထူးကုဆေးကုသရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များမှလည်း မိမိတို့အစီအစဉ်ဖြင့် လစဉ်အလှည့်ကျကွင်းဆင်းကုသမှုများ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် ဝိုင်းဝန်းကြိုးစား ကြရန်ဖြစ်ပါကြောင်း၊ မှာကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးသုံးစွဲမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် ကုသရေးဦးစီးဌာနမှူးများက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ပြန်လည်ဆွေးနွေး ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိပါသည်။