ကျန်းမာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ်နှင့် ဗဟို သားဖွားသင်တန်း‌ကျောင်း(ရန်ကုန်) RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့တက်ရောက်

နေပြည်တော်၊ (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်

     မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၁၉-၁-၂၀၂၄)ရက်တွင် ဗဟန်းမြို့နယ်၌ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီ ဥက္ကဌ ဒေါ်နွဲ့နွဲ့ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်း ပေးကြ ပါသည်။ ထို့နောက်အခမ်းအနားအားဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီသည် (၂၀၁၅) ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းထားသော မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥပဒေအရ ဗဟိုအလုပ်အမှုဆောင်(၁၅)ဦး အပါအဝင် ကောင်စီဝင် (၆၀) ဦးပါဝင်သော လုပ်ငန်းကော်မတီ(၇)ခုဖြင့် သူနာပြုနှင့် သားဖွားများ၏ ပညာရေး၊ လုပ်ငန်း ခွင်အရည်အသွေးကောင်းမွန်ရေး၊ လိုက်နာသင့်သော ကျင့်ဝတ်များကို ထိန်းသိမ်းရေးနှင့် သူနာပြု၊သားဖွားမှတ်ပုံတင်နှင့် လိုင်စင်တို့ကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မူလရုံးအဆောက်အဦမှာ နှစ်တစ်ရာ ကျော်ရှိပြီး နေရာအခက်အခဲနှင့် ခိုင်ခံ့မှုအားနည်းလာတဲ့အတွက် ဤအဆောက်အဦ အသစ်ကို တည်ဆောက်ဖွင့်လှစ် ပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေး ရည်မှန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီသည် အထောက်အကူပြုပံ့ပို့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါ ကြောင်း၊ ထို့အပြင် သူနာပြုနှင့်သားဖွားများ၏ စည်းကမ်းပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်း ဆိုင်ရာများကို ထိန်းသိမ်းစောင့်ရှောက်သည့် (Regulatory Body) အဖွဲ့ အစည်းကြီး လည်းဖြစ်ပါကြောင်း၊ သူနာပြုနှင့်သားဖွားများလိုက်နာသင့်သော ကျင့်ဝတ်များကို ထိန်းသိမ်းရေးနှင့် သူနာပြု နှင့်သားဖွားမှတ်ပုံတင် လိုင်စင်တို့ကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရာတွင် ဉပဒေ၊ နည်းဉပဒေများနှင့်အညီ စနစ်တကျဆောင်ရွက် သွားရမည်ပါကြောင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီအနေဖြင့် ဒေသတွင်းနှင့် အာဆီယံနိုင်ငံများနှင့်တန်းတူ သူနာပြုနှင့်သားဖွားများ၏ အရည်အသွေးများဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်၊ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းများကို အသိအမှတ် ပြုလွှာ (Initial Accreditation Status)များ ပေးအပ်နိုင်ခဲ့ခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း (Continuing Professional Development (CPD) စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက်လည်း ဂုဏ်ယူဝမ်းမြောက် ပါကြောင်းပြောကြားပါသည်။

     ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြား ပြီး (၆)ထပ်ရုံးအဆောက်အဦ တည်ဆောက်သည့် မှတ်တမ်းဗီဒီယိုအားပြသပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြန်မာ နိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဌတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကာ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီ ဥက္ကဌ ဒေါ်နွဲ့နွဲ့ခင်မှ ကျေးဇူး တင်စကားပြောကြားပါသည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဉက္ကဌထံသို့ ထောက်ပံ့ငွေပေး အပ်ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦအသစ် တွင်းရှိ သူနာပြုနှင့်သားဖွား များ၏ အရည်အသွေးစစ်ဆေးခန်းများ၊ စာကြည့်တိုက်များ၊ မှတ်တမ်းထိန်းသိမ်း ထားရှိ သည့် အခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပါသည်။

     ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဗဟိုသားဖွားသင်တန်း‌ကျောင်း(ရန်ကုန်) RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင် ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်‌ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်တို့က RC ၅-ထပ် အုပ်ချုပ်ရေး နှင့် စာသင်ဆောင်သစ်ကိုဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကျောင်း သည် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း (၅၃) ကျောင်းအနက် နှစ်ပေါင်း(၁၂၀) ကျော်ရှိပြီဖြစ်တဲ့ သက်တမ်းအ‌ရှည်ဆုံး ကျောင်းကြီးဖြစ်ပါကြောင်း၊ ကျောင်းကြီး ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်နှင့် ခေတ်နှင့်လျော်ညီစေရန် ယခုလို RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင် ဆောင် အဆောက်အဦအသစ်ကြီးကို နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် (၉၄၅.၇) သန်း အကုန်ကျခံတည်ဆောက် ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ (၇၀) ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူလူထုကို အဓိက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် သားဖွားဆရာမများ၏ အရည်အသွေးပြည့်ဝမှု၊ စွမ်းဆောင်ရည်မြင့်မားမှုသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အဓိကကျပါ ကြောင်း၊ ဤကဲ့သို့ အရည်အချင်းရော အရည်အသွေးပါ ပြည့်ဝသည့် သားဖွားဆရာမများ ကို မွေးထုတ်ရန်အတွက် သက်ဆိုင်ရာကျောင်းများ၏ အခြေခံအဆောက်အဦများ၊ သင်ကြားရေးနည်းစနစ်ကောင်း များ၊ သင်ထောက်ကူပစ္စည်းများနှင့်သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ၊ ဘဏ္ဍာငွေများ၊ ဆေးနှင့်ဆေးပစ္စည်းများကို ဝန်ကြီးဌာန အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသလို သူနာပြု/သားဖွားသင်တန်းကျောင်း များမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ၊ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများအနေဖြင့်လည်း အရည်အသွေးပြည့်ဝပြီးခံယူချက် ကောင်းမွန်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ကိုယ်စီတာဝန်ကျေပြွန်စွာ ထမ်းဆောင်သွားရမည် ဖြစ်ပါကြောင်း၊ သားဖွားဆရာမလောင်းလျာများ မွေးထုတ် ပေးနေသည့် ဗဟိုသားဖွားသင်တန်းကျောင်း ကြီး ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ရှိသူ အသီးသီးက ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်) သည် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ “Initial Accreditation Status” အသိအမှတ်ပြုလွှာကိုရရှိခဲ့တဲ့ ကျောင်းတစ်ကျောင်း ဖြစ်သည့်အတွက်ဂုဏ်ယူပါကြောင်း နှင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် တန်ဖိုးရှိ လှသည့် အရည်အသွေးပြည့်ဝသော သားဖွားဆရာမများအား စဉ်ဆက်မပြတ် ဆက်လက် မွေးထုတ်သွားရန် ကြိုစားကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဗဟိုသားဖွား သင်တန်းကျောင်း (ရန်ကုန်)၊ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ သင်တန်းသူများက ဂုဏ်ပြု သီချင်းဖြင့် သီဆိုဖျော်ဖြေကြပါသည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် က ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)အားသင်တန်းကျောင်းသို့ ပေးအပ် ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့်အဖွဲ့သည် RC ၅-ထပ် အုပ်ချုပ်ရေး နှင့် စာသင်ဆောင်အသစ်ရှိ စာသင်ခန်း၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများတွင် သားဖွားသင်တန်းသူများ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။