ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း(၄၅) ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်

     (၄၅) ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ( ၂၀.၁.၂၀၂၃) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူ့ ကြီးဆေးရုံများမှ ပါမောက္ခများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် စေတနာ သွေးလှူရှင်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် လူနာများမှာ သွေးသွင်းရန် လိုအပ်သည့် အခြေအနေ ဖြစ်လာပါက မည်သည့်ဆေးဝါး၊ စက်ကိရိယာများကမှ ကူညီမှုမပြုနိုင်ဘဲ သွေးသွင်းခြင်းဖြင့်သာ ကူညီနိုင်ပါသောကြောင့် လူနာများအတွက် စဉ်ဆက်မပြတ် လှူဒါန်းပေးသော သွေးလှူရှင်ကြီးများရဲ့ အခန်းကဏ္ဍဟာ လွန်စွာအရေးကြီးတဲ့ ကူညီမှုဖြစ်ပါကြောင်း၊ သွေးသွင်းကုသမှု ခံယူရာမှာလည်း လိုအပ်ချိန်မှာ လိုအပ်သည့် ပမာဏကို ရရှိရန်လိုအပ်ပါသောကြောင့် မလိုအပ်ခင်က ကြိုတင်လှူဒါန်းကြတဲ့ အလေ့အထကိုကျင့်သုံးလာခဲ့ကြပါကြောင်း၊ ဒီလိုလှူဒါန်းမှုကြောင့် (၂၀၂၃) ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို ဖြန့်ဝေပေးခဲ့တဲ့ (၉၃၃၈၅) ယူနစ်ရှိခဲ့ပြီး လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင်ရှာဖွေရမှုစသည့် ပူပန်မှုများလုံးဝမရှိရဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ခဲ့ခြင်းဟာ စေတနာ သွေးလှူရှင် ကြီးများရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားသွေးဌာန (၁) ခု၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ် (၇) ခု၊ ခုတင် (၂၀၀) နှင့် ခုတင် (၁၀၀) ဆံ့ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသော သွေးဘဏ်များကို တိုးချဲ့ဖွဲ့စည်းထားပြီး Blood Management System (BMS) Software အား တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက်နိုင်ရန်အတွက် လိုအပ်တဲ့သင်တန်းများ၊ အခြေခံအဆောက်အဦများကိုလည်း ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ သွေးသွင်းကုသမှု ဆောင်ရွက်ရာမှာ လူနာများ ဘေးကင်းလုံခြုံရေး (Blood Safety) အတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သွေးလှူရှင်များ လှူဒါန်းသည့် သွေးတစ်ယူနစ်မှ မတူညီသော သွေးပစ္စည်းများကိုခွဲထုတ်နိုင်ပြီး လူနာများစွာအတွက် အသုံးပြုနိုင် သောကြောင့် သွေးလှူရှင်တစ်ဦးရဲ့ သွေးတစ်လုံးဟာ အဖိုးမဖြတ်နိုင်အောင် အကျိုးရှိပါကြောင်း၊ ထို့အပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသရာတွင် သွေးပစ္စည်းများဖြင့် လူနာများအား အောင်မြင်စွာ ကုသမှုပြုနိုင် ခဲ့ပါကြောင်း၊ယခုနှစ်မှာ အမျိုးသားသွေးဌာနတွင် အသစ်စတင် လှူဒါန်းခဲ့ကြတဲ့ သွေးလှူရှင် (၉၆၂၅) ဦး၊ စဉ်ဆက်မပြတ် လှူဒါန်းခဲ့ကြတဲ့ သွေးလှူရှင် (၂၉၈၆၆) ဦး ရှိပါကြောင်း၊ သွေးလှူရှင်များစဉ်ဆက်မပြတ် သွေးလှူဒါန်းနိုင်ရန် အစစအရာရာ စီစဉ်ပေးသည့် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က လူမှုထူးချွန်တံဆိပ်ရှိသော သွေးလှူရှင် စုစုပေါင်း (၁၆) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေ များအားလည်းကောင်း၊ အကြိမ် (၁၀၀) နှင့်အထက် သွေးလှူရှင်စုစုပေါင်း (၃၀) ဦးအား ဂုဏ်ပြု တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပါသည်။ ထို့နောက်စဉ်ဆက်မပြတ်သွေးသွင်း ကုသမှု ခံယူပြီး ကျန်းမာလျက်ရှိကြသော ကလေးငယ်များက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေ ခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကလေးငယ်များအား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ပါသည်။

     ယခုနှစ်ကျင်းပတဲ့ (၄၅) ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ ၊ (၄) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၄) ဖြင့် သွေးအလှူရှင်(၁၀) ဦးအား လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ကို လည်းကောင်း ၊ သွေးလှူရှင် (၁) ဦးအား လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ကိုလည်းကောင်း ၊ သံဃာတော် (၁) ပါး အပါအဝင် သွေးလှူရှင် (၅) ဦးအား လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အကြိမ် (၁၀၀)နှင့် အထက် သွေးလှူရှင် (၁၄၅) ဦး၊ (၉၅) ကြိမ်မှ အကြိမ် (၄၀) နှင့်အထက် သွေးလှူရှင် (၂၄၉) ဦး တို့ စုစုပေါင်း (၃၉၄) ဦးအား ဂုဏ်ပြုခဲ့ကြပါသည်။

     အဆိုပါသွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သွေးလှူရှင်စုစုပေါင်း (၄၁၀) ဦးအား အလှူငွေစုစုပေါင်း ၁၄၃ သိန်း ၄ သောင်းအား လည်းကောင်း၊ စေတနာရှင် အလှူရှင်များက အလှူငွေစုစုပေါင်း ၁၆၄ သိန်း ၅ သောင်းအား လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ (၂၀၂၃) ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို သွေးယူနစ် ပေါင်း(၉၃၃၈၅)ယူနစ် ဖြန့်ဝေပေးနိုင်ခဲ့သည့်အတွက် လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင် ရှာဖွေရမှုစသည့် ပူပန်မှုများလုံးဝမရှိရဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။