နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်
ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ၂၃-၁-၂၀၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ဆက်လက်ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် သုတေသနစာတမ်းရှင်များက အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေးစနစ်သုတေသန စာတမ်းစုစုပေါင်း (၁၀)စောင်ကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
နံနက်ပိုင်း၌ ကျင်းပသော စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ တိုင်းရင်းဆေးပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ဆေးသု တေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမို့မို့ထွန်းတို့က ဆောင်ရွက်ခဲ့ကြပြီး ဘာသာရပ် ဆိုင်ရာပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ၊ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် “မကူးစက်တတ်သောရောဂါများအားကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများဆိုင်ရာ ဆွေးနွေးခြင်း- Non-Communicable Diseases: Prevention, Promoting Control and the Way Forward” ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
၎င်းအပြင် ရုရှားသိပ္ပံပညာဆိုင်ရာအကယ်ဒမီအဖွဲ့ဝင် ကင်ဆာရောဂါပါရဂူ ပါမောက္ခ Vladimir Moiseenko က ကင်ဆာရောဂါများအတွက် နောက်ဆုံးပေါ်ကုထုံးအကြောင်းကို Online မှတစ်ဆင့် ပါဝင် ဆွေးနွေးခဲ့ပြီး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပမှပညာရှင်များ၊ သုတေသီများ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
