သွားဘက်ဆိုင်ရာအကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်းပွဲနှင့် သွားဘက်ဆိုင်ရာအကူသူနာပြုတာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်

     ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် သွားဘက်ဆိုင်ရာအကူသူနာပြုများအား အကူသူနာပြု (ပြင်ပ) (၉)လ သင်တန်းဆင်းတာဝန်ပေးအပ်ခြင်းအခမ်းအနားကို ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ (၂)၌ (၂၅-၁-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှုးများ၊ ဆေးရုံအုပ်ကြီး၊ သူနာပြု အုပ်ကြီး၊ သူနာပြု ဆရာမကြီးများနှင့်၊ သင်တန်းသားများတက်ရောက်ခဲ့သည်။

     သွားဘက်ဆိုင်ရာအကူသူနာပြု (ပြင်ပ) (၉) လသင်တန်းကို နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် သွားနှင့်ခံတွင်းအထူးကုဆေးရုံ (နေပြည်တော်)တို့တွင် (၁.၅.၂၀၂၃) ရက်နေ့မှ (၂၄.၁.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

     အခမ်းအနားတွင် ညွှန်ကြားရေးမှုးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ဆေးရုံများရှိ သွားနှင့်ခံတွင်းဆေးကုဌာနများတွင် အများပြည်သူများကို သွားကျန်းမာရေးဝန်ဆောင်မှုများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ကုသမှုပေးနိုင်ရန်၊ စိတ်ကျေနပ်မှုရရှိစေအောင် ဆောင်ရွက်ပေးရာတွင် ပြီးပြည်စုံပြီး လွယ်ကူမြန်ဆန်သော သွားကျန်းမာရေးစောင့်ရှောက်မှုများပေးရန်၊ သင်တန်းတက်ရောက်အောင်မြင်ထားသူများထဲမှ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများအတွက်လည်း သူနာပြု ဒီပလိုမာသင်တန်းသို့ ဆက်လက်တက်ရောက်သင်ယူရန် အခွင့်အလမ်းများရရှိလာအောင် စီစဉ်ပေးထားကြောင်း၊ သင်တန်းသားများအနေဖြင့် ကျရာဒေသတွင် မိမိတို့သင်ယူတတ် မြောက်ထားသည့် အတတ်ပညာများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာ ကြားခဲ့ပါသည်။

     ထို့နောက် ညွှန်ကြားရေးမှုးချုပ်မှ သင်တန်းပြီးဆုံးအောင်မြင်ခဲ့ကြသည့် သင်တန်းသား (၇၈)ဦး တို့အား သွားဘက်ဆိုင်ရာအကူသူနာပြုရာထူး တာဝန်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး၊ သင်တန်းဆင်းသွားဘက်ဆိုင်ရာ အကူသူနာပြုများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။