ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်

     ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၂၉-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းမှ အဖွင့် အမှာစကားပြောကြားရာတွင် ခွေးရူးပြန်ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရာ၌ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ “သက္ကရာဇ် (၂၀၃၀) ပြည့်နှစ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ လုံးဝမရှိစေရေး” ရည်မှန်းချက် ပြည့်မီစေရေး မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ဝန်ကြီးဌာန တစ်ခုတည်း၊ အဖွဲ့အစည်း တစ်ခုတည်းအားဖြင့်ဆောင်ရွက်၍ အောင်မြင်နိုင်မည်မဟုတ်ဘဲ နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ တစ်ခုတည်းသော ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု (One Health Approach)ဖြင့် ဆောင်ရွက်သွားကြရေးအတွက် ရည်ရွယ်ပြီးဆွေးနွေးတိုင်ပင်နိုင်စေရေး အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာဝေဖြိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်တို့မှ ခွေးရူးပြန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

     ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ ခွေးကိုက်မှု အဖြစ်များသော ဒေသများ၌ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို Campaign အသွင်ဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကဏ္ဍစုံပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ လက်တွေ့လုပ်ဆောင်နိုင်မည့် ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုစီမံချက်များ ရေးဆွဲသွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ခွေးရူးပြန် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းအတွက် ယခုအစည်းအဝေးတွင် သက်ဆိုင်ရာ ကဏ္ဍများ၏ ဆောင်ရွက်ချက်များကို သိရှိရပြီး ရည်မှန်းချက်များ ပြည့်မီစေရေး ပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဒေသအလိုက် လုပ်နိုင်စွမ်းအား၊ မြေပြင်၌ ကြုံတွေ့ရသည့် အခက်အခဲများကို ပိုမိုသိရှိနိုင်ရေး ဆောင်ရွက်ပြီး ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုပိုမိုသိရှိစေရေး အသိပညာပေးခြင်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ ဌာနမှူးနှင့် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ တာဝန်ရှိသူများမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။