နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ ဆေးတက္ကသိုလ် (၅)ခု တွင် အသုံးပြုရန် မှန်ပြောင်းနှင့်ခွဲစိတ်ကုသခြင်းအတွက် သင်ကြားရေးအထောက်အကူပြု မှန်ပြောင်းကြည့်ခွဲစိတ်ကုသမှုနည်းပညာလေ့ကျင့်ရေးစက်(Laparoscopic Simulator) (၅)စုံအား Zeya & Associates Co.,Ltd မှ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို (၁၅-၂-၂၀၂၄) ရက်နေ့ နံနက် (၁၁း၀၀)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးတက္ကသိုလ် (၅)ခုမှ ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူးများ နှင့် Zeya & Associates Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု လှူဒါန်းမှု အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန်အတွက် ယခုကဲ့သို့ ခေတ်မီသင်ကြားရေး အထောက်အကူပြုပစ္စည်းများ အထူးပင်လို အပ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆရာဝန်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ခွဲစိတ်ကုသမှုနည်းပညာများ တတ်ကျွမ်းနေစေရန်အတွက် လေ့ကျင့်ရေးပစ္စည်းများလိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မှန်ပြောင်းကြည့်ခွဲစိတ်ကုသမှု (Laparoscopic Surgery) များဆောင်ရွက် နိုင်ရန်အတွက် ဖြည့်ဆည်းပေးထားပြီး ထိရောက်အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရန်အတွက် လုပ်ဆောင်ပေးနေကြောင်း၊ နိုင်ငံတော်မှလည်း မူဝါဒများဖြေလျော့ပေးပြီး ပုဂ္ဂလိကအခန်းကဏ္ဍ တိုးတက်စေရန် အားပေးဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် Zeya & Associates Co.,Ltd မှ Deputy Managing Director ဒေါက်တာခိုင်ခိုင်မြင့် မှ Laparoscopic Simulator (5) Sets အား ပေးအပ်လှူဒါန်းရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ Zeya & Associates Co.,Ltd မှ Deputy Managing Director ဒေါက်တာခိုင်ခိုင်မြင့် မှ လှူဒါန်းရခြင်း အကြောင်းအရင်းအား အသေးစိတ်ရှင်းလင်းတင်ပြပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
