နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန် အတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာတွင် ရောဂါကာကွယ်ခြင်း၊ ရောဂါများကို ထိရောက်စွာကုသမှုပေးခြင်းတို့ ဆောင်ရွက်နေခြင်းအပြင် လူမှုဘဝတိုးတက်စေရေးအတွက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာနှင့် မျက်နှာကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၃-၁၁-၂၀၂၃) ရက်နေ့မှ (၄-၁၁-၂၀၂၃)ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ (Myanmar Dental Health Science Conference)အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ နေပြည်တော်တို့တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်ထောင်စုဝန်ကြီးရုံး၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် (၁-၁၁-၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် သွားနှင့်ခံတွင်းအထူးကု ဆေးရုံ၊ နေပြည်တော်သို့ရောက်ရှိကာ မြန်မာသွားနှင့်ခံတွင်းခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် Korea University Medicine မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပူးပေါင်းကာ ကလေးငယ်များခွဲစိတ်ကုသနေမှုများအား ကြည့်ရှုအားပေး ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေသော ကလေးလူနာ များနှင့် မိဘများအား ကြည့်ရှုအားပေးကာ ကိုရီးယား-မြန်မာပူးပေါင်းခွဲစိတ်ကုသမှု ဆောင်ရွက် နေမှုအားကြည့်ရှုခဲ့ပြီး ကိုရီးယားခွဲစိတ်ကုသရေးအဖွဲ့ကို ဂုဏ်ပြုလက်ဆောင်မွန် သစ်သီးခြင်းအား ပေးအပ်ခဲ့ပါသည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မျက်နှာကွဲ ကလေးလူနာ (၄၀)ဦးအား စမ်းသပ် စစ်ဆေးခဲ့ပြီး (၁-၁၁-၂၀၂၃)ရက်နေ့တွင် နှုတ်ခမ်းကွဲလူနာ (၁၀)ဦး အာခေါင်ကွဲလူနာ (၂)ဦး စုစုပေါင်း (၁၂)ဦးအား သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ နေပြည်တော်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ခွဲစိတ်ပြီးလူနာများအားလုံး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ (၂-၁၁-၂၀၂၃) ရက်နေ့တွင် နှုတ်ခမ်းကွဲလူနာ (၁၂) ဦး၊ အာခေါင်ကွဲလူနာ (၁)ဦး၊ မျက်နှာကွဲလူနာ (၁)ဦး စုစုပေါင်း (၁၄)ဦးတို့အား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဆက်လက်၍ ခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Korea University Medicine မှ Professor Deok- Woo Kim ဦးဆောင်သော အဖွဲ့သည် (၃-၁၁-၂၀၂၃) ရက်နေ့မှ (၄-၁၁-၂၀၂၃)ရက်နေ့အထိ ကျင်းပမည့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ (Myanmar Dental Health Science Conference)တွင် စာတမ်းဖတ်ကြားခြင်း၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် အတွေ့အကြုံဖလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
