ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနတည်ဆောက်နေမှုနှင့် ပြည်သူ့ဆေးရုံ-လယ်ဝေးမြို့၊ ပြည်သူ့ဆေးရုံကြီး-ပျဉ်းမနားမြိုတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရောဂါထိန်းချုပ် နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တည်ဆောက်ရေးလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆောက်လုပ်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

      မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း (Myanmar CDC) သည် ယွမ်သန်း (၄၀၀)ခန့်တန်ဖိုးရှိ နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ် နှိမ်နင်းရေး ဗဟိုဌာနတစ်ခုဖြစ်ပြီး Biosafety Level 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေးစနစ်များပါရှိသော (၃)ထပ် ရောဂါထိန်းချုပ်နှိမ်နင်းရေး အဆောက်အဦ၊ သင်တန်းသား/သူ (၂၀၀)ဦးခန့် ထားရှိ၍ လေ့ကျင့် သင်ကြားပေးနိုင်မည့် (၃)ထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အဦနှင့် (၂)ထပ် အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အဦ တို့ ပါရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်၍ လည်ပတ် ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကာ Myanmar CDC တွင် တာဝန် ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများအားလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့ဆေးရုံ- လယ်ဝေးမြို့သို့ သွားရောက်၍ အရေးပေါ်လူနာဌာန၊ ဓာတ်မှန်ဆောင်၊ ဓာတ်ခွဲခန်း၊ လူနာဆောင် များ၊ ဆေးသိုလှောင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်‌ဆေးပြီး ဆေးရုံအုပ်၊ အထူးကု ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခြင်း၊ လူနာများအား တွေ့ဆုံ အားပေးစကား ပြောကြားခြင်း တို့ ဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး-ပျဉ်းမနားမြို့သို့ သွားရောက်၍ အရေးပေါ်နှင့်ပြင်ပလူနာဌာနရှိ မျက်စိရောဂါပြင်ပလူနာဌာန၊ သွား/ခံတွင်း ပြင်ပလူနာဌာန၊ ဓာတ်မှန် ဆောင်၊ အရိုးကုသဆောင်၊ အထွေထွေရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသ ဆောင်၊ ကလေးကုသဆောင်၊ ဆေးသိုလှောင်ခန်းနှင့် ဓာတ်ခွဲခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး ကာ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ ပြည်သူများ အကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။