ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ် တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာလ ၂၈

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းရှီပြည်နယ်၊ နန်ချန်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ် တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

     ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါ သွားကြသည်။

     အဆိုပါ ၂၀၂၃ ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်း ဆေးဖိုရမ်အား “Inheritance and Innovation of Traditional Medicine, Globalization of Traditional Medicine, and Protection of Traditional Medicine Intellectual Property Rights” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အဆိုပါ အစည်း အဝေးသို့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်ကစ္စတန်နိုင်ငံအစရှိသည်တို့ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂိုးလီးယား အစရှိသည်တို့ ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားနိုင်ငံ အစရှိသည်တို့ ပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်တိုင်းရင်းဆေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက် ရောက်ကြမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အဖွဲ့ အစည်း၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၏ တိုင်းရင်း ဆေးဝါး အရည်အသွေး ကောင်းမွန်စေရေး ဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်း ဆေးဝါး ထုတ်လုပ်မှု ဆန်းသစ် တီထွင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းရင်းဆေး ပညာရပ် ဆိုင်ရာ ဉာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ခြင်း ကိစ္စရပ်များအား အဓိက ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။