(၂၀၃၀) ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၃) ရက်
     ကျန်းမာရေးဝန်ကြီးဌာန ၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃-၂-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
     ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မကြာသေးမီက ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၆)ခုနှစ်ကို ပြဌာန်းပြင်ဆင်ခဲ့ပြီးဖြစ်သည့်အတွက် ဥပဒေပြင်ဆင်ချက်တွင် ပါရှိသည့် လုပ်ငန်းစဉ်များကို သတ်မှတ်ကာလ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးဌာနအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း၊ အီလက်ထရောနစ် အငွေ့ ရှူစက်ဖြစ်သည့် အီလက်ထရောနစ်စီးကရက်၊ ယင်းအီလက်ထရောနစ် စီးကရက်ကဲ့သို့ အလားတူ ပစ္စည်းနှင့် ယင်းတို့၏ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၉) အရ အ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ တားမြစ်မိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တားမြစ်မိန့်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ (၂၀၃၀) ပြည့်နှစ်တွင် ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals)အနက်မှ ကျန်းမာရေးနှင့် သက်ဆိုင် သည့် SDG များကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းလူ့သက်တမ်း တိုးမြင့်လာစေရေး လာမည့် (၅)နှစ်တာကာလသည် အရေးကြီးသည့်အတွက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက် မှုများကိုလည်း ပုံမှန်စောင့်ကြည့်ကြီးကြပ်ဆန်းစစ်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များအား ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ခဲ့ပြီးဖြစ်သဖြင့် လာမည့် (၅)နှစ်တာကာလအတွင်း မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမီရရှိစေရေးနှင့် ပြည်သူလူထုမှ ကျန်းမာ‌ရေးအတွက် ကိုယ်တိုင်စိုက်ထုတ် ကျခံသုံးစွဲရသည့် ငွေကြေးကုန်ကျမှု လျော့နည်းစေရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်စိုးက (၂၀၃၀)ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့်စပ်လျဉ်း၍ လက်ရှိ မြန်မာနိုင်ငံတွင် ရရှိနေသော အညွှန်းကိန်းရလဒ်များနှင့် ၂၀၃၀ တွင် ပြည့်မီရမည့် အညွှန်းကိန်းများ အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများစဉ်များအကြောင်း ရှင်းလင်းတင်ပြသည်။
     ယင်းနောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်မာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ရရှိထားသော အညွှန်းကိန်း ရလဒ်များနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရမည့် အညွှန်းကိန်းများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးသည်။
     အခမ်းအနားသို့ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒေအကြံပေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။